Thursday, February 19, 2015

White Card ပယ်ဖျက်မှု အကြောင်း ရှင်းလင်းချက်

White Card ပယ်ဖျက်မှု အကြောင်း ရှင်းလင်းချက်
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက အမိန့် ကြော်ငြာစာအမှတ် ၁၉/၂ဝ၁၅ ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းအမိန့်ကြော်ငြာစာ တွင် ယာယီသက်သေခံလက်မှတ် သက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်းကုန်ဆုံး သည့် လက်မှတ်များအပ်နှံရေး စိစစ်မှုလုပ်ငန်းများဆောင်ရွက်ရန် တာဝန် ပေးအပ်ခြင်း စသည့် အချက်များပါဝင်ပါသည်။
အများပြည်သူစိတ်ဝင်စားနေသည့် ယာယီသက်သေခံလက်မှတ်အကြောင်း နှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစစ်အေး၊ အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်တို့၏ အမြင် များကို စုစည်းဖော်ပြလိုက်ပါသည်။
မေး။ ။ အများပြည်သူစိတ်ဝင်စားနေတဲ့ ယာယီသက်သေခံလက်မှတ်အကြောင်း ကို ရှင်းပြပေးပါ။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ။ ။ ယာယီသက်သေခံလက်မှတ်ဆိုတာ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ၂(င) မှာပါတဲ့ သက်သေခံလက်မှတ်အစား ထုတ်ပေးထားတဲ့ သတ်မှတ်ထားတဲ့ ကာလအပိုင်း အခြားတစ်ခုသာလျှင် အတည်ဖြစ်တဲ့ မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ယာယီသက်သေခံလက်မှတ်လို့ ခေါ်တာပါ။
ယာယီသက်သေခံလက်မှတ်ရဲ့ တကယ့်တရားဝင်အခေါ်အဝေါ်ကတော့Temporary Identity Certificate လို့ ခေါ်တာပါ။ သို့သော်လည်းပဲ ဒီကတ်ပြားရဲ့အရောင်က အဖြူရောင်လေးဖြစ်နေတဲ့အတွက် အများက white card လို့ သုံးနှုန်းခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
ဒီယာယီသက်သေခံလက်မှတ်တွေကို နိုင်ငံတော်အစိုးရက ဥပဒေနဲ့အညီ ထုတ်ပေးထားတာပါ။ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံတွင်းနေထိုင်သူများ မှတ်ပုံ တင်ရေးနည်းဥပဒေ ၁၃-၁(ဂ)မှာ ပါတဲ့ ပြဋ္ဌာန်းချက်အတိုင်း တရားဥပဒေနဲ့အညီ တရားဝင်ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒီကတ်ပြားကို ကိုင်ဆောင်ထားတဲ့သူ တွေက ပြည်ထောင်စုမြန်မာနိုင်ငံတော် အချုပ်အခြာအာဏာပိုင်နယ်မြေအတွင်း နေထိုင်သူများဖြစ်တယ်လို့ သက်သေခံနိုင်တယ်လို့လည်း ပြောလို့ရပါတယ်။ နောက်တစ်ချက်က ဘယ်လိုကတ်ပြားမျိုးပဲဖြစ်ဖြစ် တရားဝင်ကတ်ပြားတစ်မျိုးမျိုး ကို ကိုင်ဆောင်ခြင်း မရှိသေးသူတွေ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားအဖြစ် စိစစ်ဖို့ကျန်နေတဲ့သူတွေ၊ နောက်တစ်ခုက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ အထောက်အထားတွေ တင်ပြဖို့အခက်အခဲရှိတဲ့ အတွက်ကြောင့် နိုင်ငံသားအရည်အချင်း သတ်မှတ်မှုမပြုနိုင်သေးတဲ့သူတွေနဲ့ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားမှတ်ပုံတင်ရေးအက်ဥပဒေမှာပါတဲ့ နိုင်ငံခြားသား တွေ ကိုင်ဆောင်ရမယ့် မှတ်ပုံတင်တစ်မျိုးမျိုးကို ကိုင်ဆောင်ခွင့်မရှိသေးတဲ့ သူတွေ၊ ဒီလိုလူမျိုးတွေကို ယာယီသက်သေခံကတ်ပြားလက်မှတ် ထုတ်ပေးထား တာဖြစ်ပါတယ်။
ဒီကတ်ပြားနဲ့ ပတ်သက်ပြီး သက်တမ်းသတ်မှတ်ချက်ရှိပါတယ်။ ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ ၁၃-၃ မှာဆိုရင် သက်သေခံလက်မှတ် အတည်ဖြစ်တဲ့ကာလကို ရက်အားဖြင့် ပိုင်းခြားသတ်မှတ်နိုင်တယ်လို့ အကြမ်းဖျင်းဖော်ပြထားပါတယ်။ အဲတော့ ဒီကတ်ပြားကို ၁၉၉၅ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အစိုးရ လက်ထက်မှာစပြီး ထုတ်ပေးခဲ့တာပါ။ အဲဒီတုန်းက ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ စိစစ်ပြီးလို့ရှိရင် ဒီကတ်ပြားသက်တမ်းကုန်ပြီလို့ ဆိုခဲ့ပါ တယ်။ အစိုးရသက်တမ်းအဆက်ဆက် ယာယီသက်သေခံလက်မှတ် သက်တမ်း သတ်မှတ်ချက်တွေကလည်း ရှိခဲ့ပြီးသားပါ။ ဥပဒေအရ အတည်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ ယာယီသက်သေခံလက်မှတ်ကိုင်တဲ့သူတွေက မှတ်တမ်းမှတ်ရာတွေအရ တိတိ ကျကျ ပြောရင် ၅ သိန်း ၉ သောင်း ၁၆ ယောက်ရှိပါတယ်။ အဲဒီထဲမှာ ဘင်္ဂါလီ လူမျိုးတွေပါပါတယ်။ အိန္ဒိယလူမျိုးတွေ ပါပါတယ်။ ပါကစ္စတန်လူမျိုး၊ တရုတ် လူမျိုးတွေ ပါပါတယ်။ နယ်စပ်ဒေသမှာနေတဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးတွေလည်း ပါကြပါတယ်။ ဘာကြောင့်ဆိုတော့ နယ်မြေချင်းထိစပ်နေတဲ့ အခါ အသွင်သဏ္ဌာန်တို့၊ ဘာသာစကားတို့၊ ရုပ်ရည်တို့ တူတဲ့အခါမှာ ခွဲခြားဖို့ ခက်နေသေးတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံသားအဖြစ် စိစစ်ဖို့ခက်နေသေးတဲ့ ပုဂ္ဂိုလ်တွေ ဒီနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်တဲ့ ရည်ရွယ် ချက်ကိုလည်း သိပါရစေ။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ။ ။ ဒါကတော့ မြန်မာနိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို အားဖြည့်ပေးတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ အခု နှစ်ပေါင်းနှစ်ဆယ် ကျော်ကြာတဲ့အထိ အချို့က နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုမရှိပါဘူး။ အခုလက်ရှိအခြေအနေကတော့ အားလုံးသိတဲ့အတိုင်း နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်နေတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးလေးလအကြာမှာ ၂ဝ၁၁ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး မိုးပွင့်စီမံချက် နဲ့ နိုင်ငံတစ်ဝန်းလုံးမှာ one stop service ဖြေလျှော့တဲ့နည်းနဲ့ ကွင်းဆင်းဆောင် ရွက်ပေးတာ အခုဆိုရင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမှာ အဆင့် ၇ ထိ ပြီးပါပြီ။ အခုဆိုရင် ပြည်သူ ၄ ဒသမ ၂ သန်းလောက်ကို ကတ်ပြားထုတ်ပေးပြီးပါပြီ။ အိမ်ထောင်စုဝင် လူဦးရေစာရင်းဆိုရင် ခုနစ်သိန်းလောက် ထုတ်ပေးပြီးဖြစ်ပါတယ်။ ယာယီသက်သေခံလက်မှတ်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ ကတည်းက ထုတ် ထားတဲ့လူတွေ အစစ်မခံတာရှိတယ်။ ပုန်းရှောင်နေတာရှိတယ်။ ပူးပေါင်းဆောင် ရွက်မှုမရှိတဲ့အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွေက ကြန့်ကြာနေတယ်။ မိုးပွင့်စီမံချက်နဲ့ ကွင်းဆင်းပြီး တိုင်းရင်းသားတွေကို လုပ်ပေးသလို သွေးနှောတွေ ကိုလည်း ရုံးမှာလုပ်ပေးတယ်။ ကွင်းဆင်းပြီး လုပ်ပေးလို့မရဘူး။ ဘာကြောင့်လဲ ဆိုတော့ မှတ်တမ်းမှတ်ရာနဲ့ အထောက်အထားနဲ့ စိစစ်ရတာဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတော်အကျိုးစီးပွားနဲ့လည်း ဆက်စပ်နေပါတယ်။ ယာယီသက်သေခံလက်မှတ်ကိုင်တဲ့လူတွေဆိုရင်လည်း ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်၊ ဗဟိုအဆင့်လုပ်ငန်းစိစစ်ရေးအဖွဲ့တွေဖွဲ့ပြီး စနစ်တကျ စိစစ်ပေးတယ်။ နှစ်ပေါင်း ၂ဝ ကျော်ထိ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ သူတွေ ကျန်နေတဲ့အတွက်ကြောင့် ဒီအစိုးရလက်ထက်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးနိုင်အောင် ဒီအမိန့်ကြော်ငြာစာ ကို နိုင်ငံတော်အကျိုးငှာ ပြည်သူတွေရဲ့ လိုလားချက်နဲ့အညီ ဆောင်ရွက်ပေးတာပါ။မေး။ ။ အဲဒီအမိန့်ကြော်ငြာစာထဲမှာ ယာယီသက်သေခံလက်မှတ် သက်တမ်း ကုန်ဆုံးရက်ကို ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့လို့ သတ်မှတ်ထားပြီးတော့ သက်တမ်းကုန်ဆုံးတဲ့ လက်မှတ်များအပ်နှံခြင်းကို ၂ဝ၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အပ်နှံဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။ ကြားကာလ နှစ်လအတွင်းမှာ အချိန်လုံလောက်မှု ရှိပါ့မလားဆိုပြီး ပြည်သူအချို့က ပြောနေ ကြတဲ့အပေါ်မှာ သုံးသပ်ပေးပါဦး။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ။ ။ တကယ်တော့ အချိန်က လုံလုံလောက်လောက် ရှိပါတယ်။ ၁၉၄၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံ တင်ရေးနည်းဥပဒေမှာဆိုရင် ယာယီသက်သေခံလက်မှတ် သက်တမ်းကုန်ဆုံးပြီး ခုနစ်ရက်အတွင်းမှာ ပြန်လည်အပ်နှံရမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ အခု နှစ်လဆိုတဲ့အချိန်က လုံလုံလောက်လောက်ရှိတယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်သူတွေအတွက် နိုင်ငံတော်ကစီစဉ်ပေးတဲ့ အချောမွေ့ဆုံးကိစ္စတစ်ခု ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတော်သမ္မတရဲ့ ဥပဒေအကြံပေးခေါင်းဆောင်တစ်ဦးအနေနဲ့ သမ္မတရဲ့ အမိန့်ကြော်ငြာစာအပေါ်မှာ သုံးသပ်ပေးပါဦး။
ဦးစစ်အေး။ ။ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားကိုပြန်ကြည့်ရင် နိုင်ငံရဲ့ အရှေ့ဘက်မှာ လူဦးရေသန်းပေါင်း ၁၂ဝဝ ကျော်ရှိတဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိပါတယ်။ အနောက်ဘက်မှာ လူဦးရေသန်း ၁ဝဝဝ ကျော်ရှိတဲ့ အိန္ဒိယ နိုင်ငံရှိပါတယ်။ အနောက်တောင်ဘက်မှာ ကျွန်တော်တို့နဲ့ယှဉ်လိုက်ရင် လူဦးရေ သုံးဆလောက်များတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိပါတယ်။ ဆိုလိုတာက ပြည်ပက တရားမဝင် ဝင်ရောက်တဲ့ကိစ္စတွေကို ထိန်းချုပ်ဖို့ဆိုတာ အဓိကတော့ ဥပဒေရဲ့ issue ဖြစ်ပါတယ်။ နောက်တစ်ခုပြောရရင် နိုင်ငံတကာက ဒီကိစ္စဟာ(Human Right) လူ့အခွင့်အရေးကိစ္စလို့ ရှေ့တန်းတင်ပြီး ပြောလေ့ရှိပါတယ်။ တကယ် ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့state security အတွက် အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
လွတ်လပ်ရေးမတိုင်ခင် ၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေဆိုတာ ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေရဲ့ ထူးခြားချက်ကတော့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီးကိုယ်တိုင် စတင်ရေးဆွဲဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ နိုင်ငံ့ခေါင်းဆောင်တွေအကုန်လုံး ပါဝင်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တော်တော်လေး အငြင်းပွားခဲ့တာရှိပါတယ်။ သို့သော်လည်း နိုင်ငံ့အတွက် အလွန်အရေးကြီးတဲ့ဥပဒေတစ်ခုကို ပြဋ္ဌာန်း သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါတွေက ဥပဒေပြဋ္ဌာန်းတဲ့ background တွေ ဖြစ်ပါ တယ်။
၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေပြဋ္ဌာန်း ပြီး ၁၉၅၁ ခုနှစ်မှာ နည်းဥပဒေပြဋ္ဌာန်းပါတယ်။ ဒီအမိန့်ကြော်ငြာစာဟာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီဥပဒေတွေရဲ့ထူးခြားချက် ကတော့ ဒီဥပဒေကို နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းခဲ့တာပါ။ နည်းဥပဒေပြဋ္ဌာန်း တာနဲ့ အမိန့်ကြော်ငြာစာတွေအားလုံးကို နိုင်ငံတော်သမ္မတကိုပဲ အာဏာလွှဲအပ် ခဲ့ပါတယ်။ ဒါကြောင့် ဒီအမိန့်ကြော်ငြာစာထုတ်တဲ့အခါ သမ္မတကိုယ်တိုင်ရေးပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးဥပဒေကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်တာ တွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တာတော့ ဒီဥပဒေဟာ ပြင်ဆင်စရာ ဖြည့်စွက်စရာ မလိုဘဲနဲ့ နိုင်ငံအတွက်လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ‘ဒီဥပဒေတွေ ကို အကြောင်းပြုပြီး သမ္မတက အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နှစ်ပေါင်း ၂ဝ ကျော် မပြတ်မသားဖြစ်နေတဲ့ အခြေ အနေကို အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးမှာ ကဏ္ဍတစ်ခုအဖြစ် သွားဖို့လိုအပ်ပါပြီ။
တကယ့်ဥပဒေရဲ့ အနှစ်သာရက ယာယီသက်သေခံလက်မှတ် ထုတ်ပေး ထားပြီးလို့ရှိရင် ကာလအပိုင်းအခြားတစ်ခု ပေးထားပါတယ်။ ဒီကာလပြည့်ပြီ ဆိုတာနဲ့ ခုနစ်ရက်အတွင်း ပြန်လာပြီး သက်တမ်းတိုးတာ၊ စိစစ်ခံတာ၊ စိစစ် ဆောင်ရွက်တာကို ခံယူရပါမယ်။ အဲဒါကို နှစ်ပေါင်း ၂ဝ လောက် ကင်းကွာနေပြီ။ ဘယ်လိုအခြေအနေတွေ ရှိတယ်ဆိုတာကို စိစစ်ကြဖို့လိုပါပြီ။ နှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ဒီကိစ္စကို ပြုပြင်ပြောင်းလဲမှုအနေနဲ့ ပြတ်ပြတ်သား သားလုပ်ဖို့ လိုအပ်နေပါပြီ။ ဒီလိုလုပ်ဆောင်တဲ့အခါ တစ်စုံတစ်ယောက် နစ်နာ သွားမယ်၊ နိုင်ငံသားတွေ နစ်နာသွားမယ်ဆိုတာမျိုးကို သမ္မတကြီးက ထည့်သွင်း စဉ်းစားထားပါတယ်။ ဒါကြောင့် termination ကို မတ်လ ၃၁ ရက်နေ့ အထိ သတ်မှတ်ပေးတယ်။ လာအပ်ဖို့ကိစ္စကို မေလမှာ အပ်ရမယ်လို့ နှစ်လခွာပြီး သတ်မှတ် ထားပါတယ်။ ဒါကို ကိုင်ဆောင်ထားသူတွေက လိုက်နာကြရမယ်။ ဒါနဲ့ပတ်သက် ပြီး ဆောင်ရွက်မယ့်ဌာနက အစီအစဉ်တွေရှိပြီးသားဖြစ်ပါတယ်။ နောက်တစ်ခုက ဒီဥပဒေတွေဟာ အင်္ဂလိပ်လက်ထက်ကတည်းကမို့ ခေတ်မမီဘူးလို့လည်း ပြောလို့ မရဘူး။ တကယ်ဟာကွက်တွေ ဘယ်လောက်ရှိတယ်ဆိုတာinternational norm (စံ) တွေနဲ့ ကင်းကွာပြီလား၊Human Right တွေနဲ့ ကင်းကွာပြီလား ဆိုတာ ပြန်ပြီးသုံးသပ်ရမယ်။ ဒါကို ပြန်ပြီး သုံးသပ်ဖို့အတွက် နောက်ဆုံးအပိုဒ် မှာ ပညာရှင်တွေနဲ့ပူးပေါင်းပြီး အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ကော်မရှင် တစ်ရပ်ဖွဲ့စည်းပေးမယ်။ ပြည်သူတွေကို သမ္မတကြီးက အသိပေးထားပြီး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စနစ်တကျ ဖြေရှင်းဆောင်ရွက်သွားဖို့ အစီအမံတွေရှိတယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။
မေး။ ။ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အတွေ့အကြုံကြွယ်ဝတဲ့သူ တစ်ယောက်အနေနဲ့ သမ္မတရဲ့ အမိန့်ကြော်ငြာစာအပေါ်မှာလည်း သုံးသပ်ပေး ပါဦး။
ဦးလှမောင်။ ။ ဒုက္ခသည်အစစ်တွေ ရောက်ရှိနေတာလည်း နိုင်ငံတကာမှာ ရှိပါတယ်။ နောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတာတွေလည်း ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို နိုင်ငံတကာမှာတော့ လူသားချင်းစာနာထောက် ထားမှုအနေနဲ့ အကူအညီထောက်ပံ့မှုတွေ ပေးလေ့ရှိပါတယ်။ အဲဒီလို ထောက်ပံ့ ပေးမယ့်ကိစ္စတွေကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ပေးမယ်ဆိုရင် သူတို့ ရဲ့ နစ်နာဆုံးရှုံးမှုတွေကို လူ့အခွင့်အရေးအရ လူတစ်ဦးချင်းရဲ့ကိစ္စကို ပြန်လည် ဖြည့်ဆည်းပေးမှာဖြစ်တဲ့အတွက် ဒီကိစ္စမှာလည်း ဆုံးရှုံးနစ်နာစရာမရှိဘူးလို့ ထင်မြင်မိပါတယ်။
နောက်တစ်ခုက နိုင်ငံတွင်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာအဖွဲ့အစည်းများ ကပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခဏ ဝေဖန်သုံးသပ်တာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာယီသက်သေခံဖြစ်သွားတာတွေရှိတယ်။ ဒီလူတွေက ဘာမှမစစ်ဆေးဘဲနဲ့ အချိန်တွေ သိပ်ကြာမြင့်နေပြီဆိုပြီးတော့ ဒါမျိုးတွေရှိပါတယ်။ ပြန်အပ်တဲ့သူတွေကို မိုးပွင့်စီမံချက်နဲ့ အရှိန်အဟုန်တိုးမြှင့်ပြီးလုပ်သွားမှာ ဖြစ်တယ်။ အချက်အလက်တွေကို ထပ်ညှိပြီး စိစစ်ပြီး လုပ်သွားမယ်ဆိုရင် ဒီပုဂ္ဂိုလ် တွေကလည်း မကြာမီအချိန်ကာလအတွင်း နိုင်ငံသားသက်သေခံလက်မှတ် ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘက်ကထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာရယ်၊ ဝန်ကြီးရှင်းပြတာတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ဒီလိုထုတ်ပြန်လိုက်တာ ဟာWIN-WIN SITUATION အဖြစ် မျှမျှတတ ညီညီမျှမျှနဲ့ အဘက်ဘက် က အကျိုးအမြတ်ရရှိနိုင်တယ်လို့ ယုံကြည်တဲ့အတွက် ဒါဟာကောင်းမွန် မွန်မြတ် တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ မှတ်ချက်ပြုလိုပါတယ်။
မေး။ ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ယောက်အနေနဲ့ သမ္မတရဲ့ အမိန့် ကြော်ငြာစာအပေါ် သုံးသပ်ပေးပါဦး။
ဦးဇော်အေးမောင်။ ။ နိုင်ငံတော်သမ္မတသက်တမ်းကို သတ်မှတ်ပေးတာမရှိခဲ့ တဲ့အတွက် အဲဒီယာယီသက်သေခံလက်မှတ်ကိုင်ပြီး ၁၉၈၂ ခုနစ် နိုင်ငံသား စိစစ်ရေးဥပဒေအရ ဘယ်သူမှ နိုင်ငံသားအဖြစ် အစစ်ဆေးမခံဘဲဖြစ်နေကြ တယ်။ အဲဒီအပေါ် ဒီအမိန့်ကြော်ငြာစာက ထွက်ပေါက်တစ်ခုပဲ။ တိုင်းရင်းသားတွေ စိုးရိမ်ပူပန်နေတဲ့ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူက တစ်သက်လုံး ဒီလိုသွားတော့မလားဆိုပြီး တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုအတွက်လည်း လက်တွေ့ ကျတဲ့
ထွက်ပေါက်တစ်ခုပဲဖြစ်ပါတယ်။ တစ်ဖက်ကလည်း ယာယီသက်သေခံလက်မှတ် ကိုင်ပြီး တကယ်နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူတွေကလည်း အခွင့်အရေး မရဖြစ်နေတယ်။
အဲဒီအပေါ်မှာ နိုင်ငံတော်သမ္မတကြီးက ACTION PLAN တစ်ခု ရအောင် ကြော်ငြာချက်ထုတ်လိုက်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီအမိန့်ကြော်ငြာ စာထွက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တော်တော်များများက ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ ဒီအပေါ်မှာ တချို့တိုင်းရင်းသားတွေက စိုးရိမ်မှု တွေရှိလာတယ်။ ယာယီသက်သေခံလက်မှတ်ကိုင်ထားတဲ့အထဲမှာ ရှမ်းပြည်နယ် ထဲက ကိုးကန့်တို့၊ ''ဝ''တို့လည်းရှိတယ်။ ဒါကိုအပ်လိုက်ပြီးရင် ငါတို့ ဘာအထောက် အထားမှမရှိဘဲ WITHOUT PERSON ဖြစ်သွားမှာ ကြောက်တယ်။ အမှန် ကတော့ ဒီဟာသည် တကယ်နိုင်ငံသားဖြစ်သင့် ဖြစ်ထိုက်သူဟာ ဖြစ်ကို ဖြစ်သွားမယ်။ နောက်ပြီး ရခိုင်တိုင်းရင်းသားတွေဘက်က ဘာတစ်ခုစိုးရိမ်လဲ ဆိုတော့ တပ်မတော်အစိုးရလက်ထက်မှာ ယာယီသက်သေခံလက်မှတ်ထုတ်ပေး လိုက်တယ်။ ဒီယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ကျတော့ တစ်ဖက်နိုင်ငံက ခိုးဝင်လာတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေပေါ့။ ဒီရွှေ့ပြောင်းနေထိုင်သူတွေဟာ ကျွန်တော်တို့နဲ့ အသားအရောင်၊ ဘာသာစကား၊ ယဉ်ကျေးမှု ဘာမှမတူဘူး။ ဒီလူတွေဟာ အလွယ်တကူ နိုင်ငံသားရသွားမလားလို့ စိုးရိမ်နေကြတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင်ပင်လျှင် စိုးရိမ်ခဲ့တယ်။ ကျွန်တော်လည်း စာရွက်စာတမ်းတွေ ဖတ်ကြည့်လိုက်တော့ စိုးရိမ်စရာမလိုဘူးလို့ သိလာတယ်။ ယာယီသက်သေခံ လက်မှတ်အပ်တဲ့အခါမှာ သူ့လုပ်ငန်းစဉ်က အပ်တဲ့သူကလည်း ပူစရာမလိုဘူး။ အပ်လိုက်တာနဲ့ လက်ခံရရှိကြောင်း အထောက်အထားတစ်ခုထုတ်ပေးမယ်။ ဟိုဟာက သက်တမ်းသေသွားပြီ။ ပုံစံတွေဖြည့်ရမယ်။ သူကိုယ်တိုင် အင်တာဗျူး လုပ်ရမယ်။ ပုံစံတွေဖြည့်ပြီးတိုင်းလည်း မရသေးဘူး။ အဲဒီပုံစံမှာလိမ်ညာဖြည့်ရင် ၁၉၈၂ ခုနှစ် ဥပဒေအရ ရာဇသတ်ကြီး ဥပဒေအရ အရေးယူလို့ရတယ်။ ယာယီ သက်သေခံလက်မှတ်ကိုင်ထားသူဟာ အဓိကက ဒေသစကားတစ်မျိုးမျိုး ပြော တတ်ရမယ်။ စကားမပြောတတ်ရင် PASS မဖြစ်ဘူး။ အဲဒါကို ရခိုင်တိုင်းရင်း သားတွေ မသိကြဘူး။ အဲဒါကို ရခိုင်တိုင်းရင်းသားရော၊ ကျန်တိုင်းရင်းသားတွေ ကိုရော အသိပညာပေးချင်ပါတယ်။ လွယ်လွယ်ကူကူ နိုင်ငံသားဖြစ်ဖို့ ထုတ်ပေး ထားတဲ့ အမိန့်မဟုတ်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ သေသေချာချာ စိစစ်ပြီးမှ ထုတ်မှာဖြစ်ပါတယ်။ မြို့နယ်အဖွဲ့တစ်ခုတည်းက ထုတ်မှာလားဆိုတော့ မဟုတ်သေးဘူး။
မြို့နယ် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာစုံစမ်းရေးအဖွဲ့က သေချာ ကျကျနနစုံစမ်းစစ်ဆေးပြီး ငယ်စာရင်းတွေနဲ့တိုက်မယ်။ သူတို့ရဲ့တွေ့ရှိချက်တွေ ကို တိုင်းဒေသကြီး/ပြည်နယ်ရဲ့ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းရေး အဖွဲ့ကို တင်ရမယ်။ ပြီးရင် ဗဟိုအဖွဲ့ကလည်း သေချာအနုလုံပဋိလုံ စိစစ်မှာ ဖြစ်ပါတယ်။ အကုန်လုံး အဆင့်ဆင့်ပြီးမှ ဗဟိုကို တက်လာမယ်။ ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့က ယာယီသက်သေခံလက်မှတ်ကိုင်ထားသူဟာ နိုင်ငံသား ဖြစ်သင့်သလား၊ နိုင်ငံသားပြုရသင့်သလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ရခိုင်တိုင်းရင်းသားအပါအဝင် တိုင်းရင်းသားပြည်သူတွေကို အသိပေး လိုတာက ဒီလုပ်ငန်းစဉ်မှာ မှန်ကန်တဲ့သူဆိုရင် မှန်မှန်ကန်ကန် ရသွားမယ်။ မမှန်ကန်တဲ့သူကတော့ မမှန်ကန်သလို ဖြစ်မှာပါ။
အဲဒါကြောင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်တဲ့ အမိန့် ၁၉/၂ဝ၁၅ ဟာ ကျွန်တော်တို့နိုင်ငံမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေတဲ့ ဝှိုက်ကတ်(ခေါ်) ယာယီ သက်သေခံလက်မှတ်အတွက် အကောင်းဆုံးသော ကြေညာချက်ဖြစ်တယ်လို့ ယုံကြည်တယ်။ အကောင်းဆုံးသော ရလဒ်ရမယ်လို့လည်း ယုံကြည်တယ်။ အဲဒီအတွက် တိုင်းရင်းသား၊ နိုင်ငံသားတွေအားလုံးက အပြုသဘောနဲ့ ကူညီပေး ဖို့လိုတယ်။ အဲဒါမှ ကျွန်တော်တို့နိုင်ငံမှာ တွေ့နေရတဲ့ပဋိပက္ခ ပြေလည်သွား မှာဖြစ်တယ်။ ပြေလည်သွားမှ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု ရလဒ် ကောင်းတွေ ရရှိလာမှာဖြစ်တယ်။
မေး။ ။ အခုဆိုရင် နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြော်ငြာစာနဲ့ပတ်သက်ပြီး စုံစုံလင်လင် သိရှိရပါပြီ။ အဲဒီအပေါ် လ.ဝ.က အနေနဲ့ကလည်း ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်ကို သိချင်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ။ ။ ယာယီသက်သေခံလက်မှတ်တွေ လာအပ် တဲ့အခါ အအပ်ခံနိုင်ဖို့ လက်ခံရေးစခန်းတွေဖွင့်ပြီး ဆောင်ရွက်သွားဖို့ စီမံ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ကလည်း ယာယီသက်သေခံ လက်မှတ်ကိုင်တဲ့သူတွေ ဘာဆက်လုပ်ရမလဲ၊ ဘယ်နေ့မှာ အပ်ရမလဲ၊ ဘယ်နေ့ မှာ သက်တမ်းကုန်သွားမလဲဆိုတာသိအောင် မီဒီယာလုပ်ငန်းစဉ်အပါ ကွင်းဆင်း ဟောပြောတဲ့ လုပ်ငန်းစဉ်အဆုံး နည်းပေါင်းစုံနဲ့သိအောင် ဆောင်ရွက်သွားပါ မယ်။ ယာယီသက်သေခံလက်မှတ်နဲ့ဆက်စပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေအပေါ် မှာ ဝေဖန်သုံးသပ်အကြံပြုနိုင်ဖို့ လေ့လာသုံးသပ်အကြံပြုရေးကော်မရှင်ကို ဖွဲ့မယ်။ ဒီအတွက်လည်း ပြင်ဆင်နေပါပြီ။
ဥပဒေအရ လိုအပ်ချက်တွေ၊ နည်းဥပဒေအရ လိုအပ်ချက်တွေ၊ ထပ်ဖြည့် ပေးမယ့်ကိစ္စတွေ စသည်ဖြင့် ဒီလိုပေါ်ပေါက်လာမယ့်အချက်တွေမှာလည်း ကျွန်တော်တို့ ဒီဥပဒေအကောင်အထည်ဖော်ပြီး တိတိကျကျ အကောင် အထည်ဖော်သွားပေးမယ်ဆိုပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပေးထားပါတယ်။ ဒါတွေ တိတိကျကျလိုက်နာဆောင်ရွက်ဖို့ ပြောပြလိုပါတယ်။
ဦးစစ်အေး။ ။ ဒီကြေညာချက်ဟာ နိုင်ငံရေးအရ ကိုင်တွယ်ဖြေရှင်းလိုစိတ် ရှိတယ်ဆိုတာကို ပြသတာဖြစ်ပါတယ်။ ပြည်သူတွေအားလုံးအကျိုးအတွက်၊ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒါကို ကာယကံရှင်ကိုယ်တိုင် ရော ပြည်သူတစ်ရပ်လုံးကရော နားလည်ပြီး တစ်ခဲနက်ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ကလည်း အခုလို ကမကထလုပ်ပြီး ဆောင်ရွက်မှုအပေါ်မှာ သိုင်းဝိုင်းပြီးတော့ လိုတဲ့အကူအညီတွေပံ့ပိုးပြီး ဝိုင်းဝန်းဆောင်ရွက်ဖို့လိုပါတယ်။ ပြည်သူပါဝင်ဖို့က အဓိက အရေးကြီးပါတယ်။ ပြီးတော့မှ နိုင်ငံတကာရဲ့ အသိုင်းအဝိုင်းက ဝိုင်းပြီး ပံ့ပိုးထောက်ပံ့ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း အားလုံး အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပြပေးပါ။
ဦးလှမောင်။ ။ အခုလို အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်တဲ့ကိစ္စဟာ လူမျိုးစု နှစ်ခုကြား နောက်နယ်ခြားမှာရှိတဲ့ ပုဂ္ဂိုလ်တွေရောပေါ့လေ နည်းနည်းလေး ပြဿနာဖြစ်နေတဲ့ ဒီနိုင်ငံသားဖြစ်မှု ပြုမှုကိစ္စလေးတွေဟာ တော်တော်လေး ရှင်းလင်းပြီးတော့ အချိန်တိုအတွင်းမှာ ပြတ်ပြတ်သားသားနဲ့ ရှင်းလင်းသွားလိမ့် မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စဟာ သမ္မတကြီးက အချိန်မီထုတ်ပြန် လိုက်တဲ့အတွက် ဒီကိစ္စက အင်မတန်ကောင်းမြတ်တဲ့ ကိစ္စတစ်ခုဖြစ်တယ်ဆိုတာ ဖြည့်စွက်ပြောကြားလိုပါတယ်။
ဦးဇော်အေးမောင်။ ။ အဓိကတော့ နိုင်ငံတော်ရဲ့အကျိုး၊ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်ခဲ့တဲ့ ကိစ္စဖြစ်တယ်။ အထူးသဖြင့် အဓိက ရည်ရွယ်ခဲ့တာကတော့ ဒီအစိုးရအဖွဲ့သစ်လက်ထက်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ သိသိသာသာ ဆောင်ရွက်လာတာ တွေ့ရတယ်။ တတ်နိုင်သမျှ သိသိသာသာ ဆောင်ရွက်ခဲ့ တယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်တဲ့ ဒီအမိန့် ကြော်ငြာစာကို ထုတ်ခဲ့ရတာဖြစ်တယ်။ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ယာယီသက်သေခံလက်မှတ်ကိုင်ထားတဲ့သူတွေအပေါ်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် တည်ဆဲ ၁၉၈၁ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်ပေးပါလို့ တောက်လျှောက်ပြောတယ်။ ဒီပြည်သူတွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေး တယ်။ နောက်တစ်ခု နိုင်ငံတကာပိုင်းကလည်း ဒီလိုပြောနေကြတယ်။ အထူး သဖြင့် ရခိုင်ပြည်နယ်ဘက် ကိစ္စတွေမှာဆိုရင် ဒီဘင်္ဂါလီတွေအပေါ်မှာ နိုင်ငံသားစိစစ်ရေးကိစ္စတွေ တတ်နိုင်သမျှလုပ်ပေးပါလို့ နိုင်ငံတကာကလည်း ဒီလိုပြောနေကြတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကလိုအပ်ချက်တစ်ခုအနေနဲ့ရော သူတို့ပြည်သူတွေရဲ့ဆန္ဒကို ဦးထိပ်ပန်ဆင်တဲ့အနေနဲ့ရော အမိန့်ထုတ်ပြန် ကြေညာချက်ကို ကျွန်တော်တို့က အကောင်အထည်ဖော်သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့လုပ်ငန်းအပေါ်မှာ နားလည်ပြီး ပူးပေါင်းဆောင် ရွက်ပေးကြပါလို့ ဒီနေရာကတစ်ဆင့် ပြည်သူတွေအားလုံးကို ပန်ကြား လိုပါတယ်။(မြန်မာ့သတင်းစဉ်)
[၁၈-၂-၂၀၁၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ]
Like · ·