မောင်စွမ်းရည် – စာဟောဆရာ၊ စာရေးဆရာ ဦးအောင်သင်း (ရန်သူကို မိတ်ဆွေဖွဲ့ခြင်း)
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄
ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဘ၀နောက်ဆုံးပိုင်းမှာ
တလျှောက်လုံး ရေးသား ပြောဆိုသွားတဲ့ “ရန်သူကို မိတ်ဆွေဖွဲ့ခြင်း” ဆိုတဲ့
စကားလေးကို သတိရမိပါတယ်။ ကိုအောင်သင်း နဲ့ ကျွန်တော်တို့ဟာ လူပုဂ္ဂိုလ်ချင်း
နင်ပဲငါစ မပြောဖူးကြပေမယ့် အပြန်အလှန် စာပေတိုက်ပွဲ ဆင်ခဲ့ကြသူချင်းမို့
အပြင် စာဖတ်ပရိတ်သတ်က “ရန်သူ” တွေလို့ ဆိုတတ်ကြပါတယ်။ စာပေ အယူအဆချင်း
မတူကြတာပါ။ ခုလို တပြည်တရွာစီခြားပြီး နေကြတဲ့ အခါမှာတော့ လူကြုံတိုင်း၊
စာကြုံတိုင်း မေတ္တာစကားတွေ ဖလှယ်နေခဲ့ကြရာက ကျွန်တော့ထက် အသက် ၁၀ နှစ်မျှ
ပိုကြီးတဲ့ ဦးအောင်သင်းက အရင် လူ့လောကထဲက ထွက်ခွာသွားဖြင်း ဖြစ်ပါတယ်။
ကိုအောင်သင်းက တောင်တွင်းကြီး ဇာတိမို့ “တောင်တွင်းက အောင်သင်း” လို့
မိတ်ဆွေ သူငယ်ချင်းတွေက ခေါ်လေ့ရှိပါတယ်။ ကျွန်တော်တို့ မူလတန်း
ကျောင်းသားအရွယ်မှာ ပြည်တွင်းစစ် ဖြစ်တော့ သူက လူပျိုပေါက် အရွယ်ပေါ့။
တောခို ပြည်သူ့ရဲဘော်တွေနဲ့ ဆက်လို့ ဆိုထင်ပါရဲ့။ အစိုးရက
ဖမ်းဆီးထောင်ချတာကို ခံခဲ့ရဖူးပါတယ်။ သူကျောင်းသား အရွယ်မှာ
ထောင်ကျခဲ့ပုံကို ဆောင်းပါးရေးပြီး မဂ္ဂဇင်းထဲကို ထည့်ရာက စာပေလောကထဲကို
ခြေချမိခဲ့တာလို့ သိရဖူးပါတယ်။
ကိုအောင်သင်း ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြဆရာ ၀င်လုပ်တော့
မေမြို့ ဗိုလ်သင်တန်းကျောင်း (စစ်တက္ကသိုလ်) ကို မြန်မာစာ ဆရာအဖြစ်
တာဝန်ပေးခြင်း ခံရပါတယ်။ မောင်သုက ခေါ် ဗိုလ်ကြီးဘသောင်း ရဲ့ နေရာကို
ဆက်ခံရတာပါ။ ဒါကြောင့် နယ်တကာမှာ စစ်ဗိုလ်တပည့်တွေ ရှိနေပြီး ပါတီကောင်စီ
အကြီးအကဲတွေအဖြစ် တာဝန်ယူကြပါတယ်။ စစ်ဗိုလ်တွေရဲ့ ဆရာနဲ့
စာပေဟောပြောပွဲတွေသွားရတာ လုံခြုံမှု ရှိတယ်လို့ အဆို ရှိပေမယ့် သူ့ခမျာလဲ
မကြာခဏ သတိပေးခံရပြီး မင်းမျက်မင်းဒဏ်နဲ့ မကင်းခဲ့ရှာပါ။
ကိုအောင်သင်းက မြန်မာစာဌာနမှာ စာပေသမားတဦးအဖြစ်နဲ့ ဌာနရဲ့ နံရံကပ်
စာစောင်ကို ဦးစီးရဖူးပါတယ်။ စာစောင်ထဲမှာ “ဆဲဗင်းဂျူလိုင်” ဆိုတာ
ပါသွားလို့တဲ့၊ အရေးယူခံရပြီး တက္ကသိုလ် ဘာသာပြန်ဌာနကို
အပြောင်းခံခဲ့ရဖူးပါတယ်။ တကယ်တော့ စာရေးဆရာ အမည်ခံကတည်းက
မင်းပြစ်မင်းဒဏ်နဲ့ မဝေးတော့တာပါဘဲ။
ကိုအောင်သင်း မေမြို့စစ်တက္ကသိုလ်မှာ အလုပ်လုပ်နေစဉ်က ကျွန်တော်တို့က
မန္တလေး တက္ကသိုလ်မှာ ကျောင်းသားအဖြစ်နဲ့ စာပေလှုပ်ရှားမှုတွေ လုပ်နေတဲ့
ကာလပေါ့။ တင်မိုး၊ မောင်သိန်းဆိုင် တို့နဲ့ ကိုအောင်သင်းနဲ့ အဲဒီကာလ
တလျှောက်ကတည်းက သိရှိ ကျွမ်းဝင်ခဲ့ကြပါတယ်။ သူရန်ကုန် တက္ကသိုလ်ကို
ပြန်ရောက်တော့ ပြောင်းပြန် ဖြစ်သွားခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက
စာပေသမားတွေ ဖြစ်ခဲ့ကြတဲ့ ဇော်ဇော်အောင် (ဦးဇော်မြင့်)၊ မင်းမော်
(ဦးထွန်းမြင့်) စတဲ့ ဆရာများနဲ့ အုပ်စုဖွဲ့မိသွားပါတယ်။ ကျွန်တော်တို့
တတွေက အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ မောင်သာနိုး၊ တင်မိုး၊
မောင်စွမ်းရည်၊ မောင်မိုးသူ စသဖြင့် အုပ်စုတစု ဖြစ်တည်လာခဲ့ကြပါတယ်။
ကျွန်တော်တို့က အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းဆိုပြီး အခိုင်အမာ
ဖွဲ့စည်းထားတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့က ဦးဆောင်တယ်။ ဦးလှက ဥက္ကဌ၊
မောင်သာနိုးက အတွင်းရေးမှုး၊ ကျန်တာတွေက အမှုဆောင် အဖွဲ့ဝင်တွေပေါ့။
နှစ်စဉ်စာဆိုတော်နေ့ အထိမ်းအမှတ် ကျင်းပတော့ ရန်ကုန်မှာ တခါက လုပ်ခဲ့သလို
ပြဇာတ်ကတာတွေ မလုပ်တော့ဘဲ သက်ကြီး စာရေးဆရာကြီးများ ကန်တော့ပွဲနဲ့
စာတမ်းဖတ်ပွဲ ပူးတွဲ ပြုလုပ်ပါတယ်။
မန္တလေးမှာ သက်ကြီး ၀ါကြီး စာရေးဆရာနဲ့ စာပေပညာရှင်ကြီး တွေ
အများကြီးရှိပါတယ်။ ရွှေဥဒေါင်း၊ မြမျိုးလွင်၊ ရွှေပြည်ဦးဘတင်၊ ကျောက်စာဝန်
ဦးမြ၊ စစ်ကိုင်း ဦးဘိုးသင်း၊ ရွှေကိုင်းသား ဦးသောဘိတ စသဖြင့် ရှိပါတယ်။
ဆရာကြီး သ္ခင်ကိုယ်တော်မှိုင်းတို့၊ ဆရာကြီး မဟာဆွေတို့ မကွယ်လွန်ခင်က
ဆိုရင် သူတို့ကိုပါ ထည့်သွင်း ကန်တော့ပြီး စောင်း၊ ပင်နီစ၊ မွှေးပွ တဘက်
စတဲ့ ကန်တော့ပွဲများကို ပို့ပေးပါတယ်။ သဘာပတိ အဖွဲ့မှာတော့ မြန်မာစာပါမောက္ခ
ဦးချမ်းမြ၊ ပါမေက္ခချုပ် ဦးကျော်ရင်၊ ဒေါက်တာ သန်းထွန်း၊ လူထုဦးလှ တို့
ပါဝင်ဆောင်ရွက်ကြပါတယ်။ စာတမ်းတင်သွင်းသူတွေကတော့ မောင်သာနိုး၊
မောင်စွမ်းရည်၊ တင်မိုး၊ မောင်သိန်းဆိုင် စတဲ့ လူငယ်ပိုင်းကပေါ့။
စာတမ်းတွေကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေတော့ ကိုအောင်သင်းတို့ အစုက
ဝေဖန်ပါတယ်။
ကိုအောင်သင်းက အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းက စာတမ်းတွေဟာ
စာတမ်းအင်္ဂါနဲ့ မညီဘူးတဲ့။ (ဘာဖြစ်လို့လဲ၊ အောက်ခြေမှတ်စု “မှတ်နုတ်” တွေ
မပါလို့လားလို့ ကျွန်တော်က ပြန်ရေးပါတယ်။ ကျွန်တော်တို့က ဖတ်ကြ၊ တင်သွင်းကြ
တာဆိုတော့ စာထဲမှာဘဲ “ဘယ်ကစာ” ဆိုတာ တပါတည်း ညွှန်းခဲ့တာပါလို့လဲ
ရှင်းပြတယ်။) ဇော်ဇော်အောင်ကတော့ ကျွန်တော်တို့ စာတမ်းတွေထဲက ပြည်သူ့စာပေ
သဘောတရားတွေကို ဝေဖန်တယ်။ (ကျွန်တော်က “ကိုယ့်လူဟာ စစ်စုံထောက် ၀တ္ထုတွေ
ရေးနေတဲ့ ဒိုင်းညှောင့် စာရေးဆရာပါ။ ပြည်သူ့စာပေကိစ္စတွေမှာ ၀င်မပါနဲ့လို့
ချေပပါတယ်။) မင်းမော်က မောင်သာနိုးကို “ဘာသာဗေဒ ဇီးရိုး” လို့
ဝေဖန်တော့တယ်။ (သူဘဲ ဇီးရိုးဖြစ်သွားခဲ့ပါတယ်။) ဒီလိုနဲ့ နှစ်စဉ်
စာပေတိုက်ပွဲတွေ ဆက်သွားလိုက်တာ ၁၀ နှစ်မကကြာရှည်ခံပါတယ်။ စစ်အစိုးရလဲ
တက်ရော အဖွဲ့အစည်းတွေလဲပိတ်။ စာတမ်းဖတ်တာတွေလဲ ပိတ်လိုက်တော့မှ
စာပေတိုက်ပွဲတွေ ရပ်သွားခဲ့ပါတော့တယ်။
စစ်အစိုးရက ကိုယ်ပိုင်ကျောင်းတွေကို ပြည်သူပိုင် သိမ်းလိုက်တော့
အလွတ်ကျောင်းဆရာလုပ်နေတဲ့ ကျွန်တော်လဲ အစိုးရ၀န်ထမ်းဘ၀နဲ့
ရန်ကုန်ပညာရေးသုတေသန ဌာနကို ပြောင်းရတယ်။ မြို့နယ်တိုင်းမှာ “စာပေလုပ်သား”
ဆိုပြီး ပေါ်လာပြန်တော့ မြို့နယ်တိုင်းက ဖိတ်လို့ စာရေးဆရာတွေ ခွဲတမ်း
မလောက်အောင် အဖိတ်အကြားခံရပါတယ်။ ဒီကာလမှာ ကိုအောင်သင်းလို
စကားပြောကောင်းတဲ့ ကျောင်းဆရာ စာရေးဆရာတွေဟာ ပွဲတိုင်းကျော်
ဖြစ်လာခဲ့ပါတယ်။ မြသန်းတင့်၊ ကျော်အောင်၊ မင်းကျော်၊ နတ်နွယ်၊ ငြိမ်းကျော်
တို့ဟာ ကိုအောင်သင်းနဲ့ အတွဲအဖက်တွေပေါ့။ ကျွန်တော်ကလဲ ဆရာ ဒဂုန်တာရာ၊
ပါရဂူ၊ မောင်သာနိုး၊ တင်မိုး စတဲ့ ကိုယ်နဲ့ နီးစပ်ရာ ပုဂ္ဂိုလ်များနဲ့
လိုက်ပါတယ်။ ကိုအောင်သင်းနဲ့တော့ တခါမှ မတွဲခဲ့ဖူးပါ။ ကျွန်တော်က
အဟောအပြောထက် အရေးသန်ပါတယ်။ ကိုအောင်သင်းက အရေးထက် အဟော အပြော သန်ပါတယ်။
(ဆရာဇော်ဂျီကလဲ ဒီလိုဘဲ မှတ်ချက်ချခဲ့ဖူးပါတယ်။)
မကြာခင် ကာလအတွင်းမှာ ကိုအောင်သင်းနဲ့ အတွဲတွေဖြစ်တဲ့ မြသန်းတင့်၊
ကျော်အောင်၊ မင်းကျော်၊ ငြိမ်းကျော်၊ နတ်နွယ် တို့က ရှေ့ဆင့် နောက်ဆင့်
ကွယ်လွန်သွားကြရှာပါတယ်။ တနေ့တော့ ကိုအောင်သင်းကိုယ်တိုင်
ကျွန်တော့်အိမ်ကို မရောက်စဖူး ရောက်လာပြီး လယ်ဝေးကို ဟောပြောပွဲသွားဖို့
ဖိတ်ကြားလာပါတယ်။ ကျွန်တော့်ဇနီက ထိတ်လန့်တကြားနဲ့ ၀င်ပြီး ဟန့်တားပါတယ်။
“အောင်မလေး။ မလုပ်လိုက်ပါနဲ့ ဆရာရယ်။ ဆရာတို့ နှစ်ယောက်က အမြဲတမ်း
တခြိမ်းခြိမ်း ရန်ဖြစ်လာခဲ့ကြတာ။ ဟောပြောပွဲမှာ နပမ်းထလုံးနေကြမှဖြင့်
ကြီးကောင်ကြီးမှ အရှက်ကွဲကုန်ကြပါလိမ့်မယ်” တဲ့။ ဒီတော့ ဦးအောင်သင်းက
“ဒီမှာ ဆရာမကြီး။ ခင်ဗျားယောင်္ကျားက ကျွန်တော့်ကို ဆဲလိုဆဲ၊ ရိုက်လိုရိုက်၊
ကျွန်တော်ခံပါ့မယ်။ ဘာပြဿနာမှ မဖြစ်စေရပါဘူး” လို့ အသေအချာ အခါခါ
တောင်းပန်မှ ထဲ့လိုက်ပါတယ်။ ဒီလိုနဲ့ ဦးအောင်သင်းနဲ့ မောင်စွမ်းရည်နဲ့
ပထမဆုံး အတူနွှဲဖြစ်သွားခဲ့ပါတယ်။
နောက်မှ သိရတာက အဲဒီလို တွဲဖက်ပေးလိုက်တာက ချစ်ဦးညိုတဲ့။ သူ့ကို
သွားဖိတ်တော့ မလိုက်အားလို့ “ဆရာမောင်စွမ်းရည်နဲ့ သွားပါ။ သူ့စာကသာ
ရန်ဖြစ်တာ။ လူက ရန်မဖြစ်တတ်ဘူး။” လို့ အာမခံပြီး တွဲခိုင်းလိုက်သတဲ့။
မီးရထားနဲ့ ခရီးသွားကြတော့ ပထမဆုံး ပြဿနာက ရထားထွက်ထွက်ခြင်း ကြုံရတယ်။
“ကိုစွမ်းရည် ခင်ဗျားက လူထုဦးလှရဲ့ သားတပည့်ဆိုတော့ ခင်ဗျားရှေ့မှာ
အရက်သောက်ရမှာ အားနာပါတယ်။ ခွင့်ပြုပါ။” လို့ အနူးအညွတ်တောင်းပန်ပြီး
သူ့လွယ်အိတ်ထဲက အရက်ဖြူပုလင်းနဲ့ ရေပုလင်းကို ထုတ်၊ ဖန်ခွက်ထဲ ထည့်ပြီး
ရောစပ်ဖို့ ကြိုးစားပါတယ်။ ရထားကလဲ လှုပ်လှုပ်၊ ကိုင်ရတာက သုံးခုဆိုတော့
မနိုင်မနင်းပေါ့။ ဒီတော့ ကျွန်တော်က သူ့ဖန်ခွက်ကို ကိုင်ပေးလိုက်တယ်။ သူက
ရေနဲ့ အရက်ဖြူကို ချိန်ဆပြီး ရောတယ်။
ကျွန်တော်က သူနဲ့ ဆရာ မြသန်းတင့် ဆက်ဆံရေးကို မေးနေတာ။ “ကွန်မြူနစ်နဲ့
ကွန်မြူနစ်ဆန့်ကျင်ရေးသမား ဘယ်လို ဆက်ဆံခဲ့ကြသလဲ” လို့ မေးတော့ “ကျွန်တော်က
ကွန်မြူနစ် ဆန့်ကျင်ရေးလဲ မဟုတ်။ နိုင်ငံရေး ဆန့်ကျင်ရေးလဲ မဟုတ်။
နိုင်ငံရေး မဲ့သူပါ။” လို့ အင်္ဂလိပ်လို ဖြေပါတယ်။ ကျွန်တော်က သူပြောတာကို
စိတ်ဝင်စားရင်း အမှတ်တမဲ့နဲ့ ကျွန်တော့်လက်ထဲက ဖန်ခွက်ကို
မော့သောက်နေမိတယ်။ သူက ကျွန်တော့်ကို အံ့အားသင့်ပြီး ကြည့်နေရင်းက
ဖန်ခွက်ထဲကို အရက်နဲ့ ရေနဲ့ ထပ်ဖြည့်တယ်။ ကျွန်တော်က ထပ်မော့ချလိုက်တော့
မျက်နှာငယ်လေးနဲ့ “ကို…ကို…ကိုစွမ်းရည်။ ကျွန်တော်ဖို့ နည်းနည်းချန်ပါဦး။”
လို့ ပြောလိုက်ရှာပါတယ်။ “ဟာ ဆောရီးဗျာ။ ကျွန်တော်က ယောင်ပြီး
မော့လိုက်မိတာပါ။” ဆိုပြီး သူ့ခွက်ကို ပြန်ပေးလိုက်ပါတယ်။ သူကလဲ “ဆောရီးဗျာ
ခင်ဗျားက ဦးလှသားတပည့်ရင်းဆိုတော့ လုံးဝမထင်မိလို့။ ကျွန်တော်က
လမ်းစာအဖြစ် ဘိလပ်ရေပုလင်းလေးနဲ့ဘဲ ယူခဲ့မိတယ်။ လမ်းမှာ ကုန်သွားရင်
ဝယ်လို့ကလဲ မရတော့ ထိတ်လန့်သွားမိလို့၊ ငါတော့ ငတ်တော့မှာဘဲ ဆိုပြီး
ခင်ဗျားကို တားလိုက်ရတာပါ” တဲ့။ အဲဒီလို ပြောပြီး သူက ကျွန်တော့်ကို
“သဘောကျသွားပြီ။” ဆိုပြီး ချီးကျူး သြဘာပြုရှာပါတယ်။ (ကျွန်တော်
ယောင်တတ်တာကိုလဲ လန့်သွားပုံရပါတယ်။)
လယ်ဝေးရောက်တော့ ကျောင်းတွေမှာ အနီးကပ်ဆယ်တန်း မြန်မာစာ ပို့ချတာတွေ
လုပ်ပါတယ်။ မြို့လူထုက မောင်စွမ်းရည် ဟာ ဆယ်တန်း ကျောင်းသုံးစာအုပ်
ပြုစုရေး ကော်မတီအတွင်းရေးမှူး၊ အခြေခံပညာရေးက ကျောင်းဆရာမှန်း မသိကြတော့
ကျွန်တော့်ကို ကျောင်းသားတွေအတွက် ဟောဖို့ မခိုင်းဘူး။ သူဟောပြောနေစဉ်
ကျွန်တော် အိပ်နေရုံပါဘဲ။ ညကျ ကျွန်တော်က “ရှေ့ထွက်” ဟောပြောပြီး
သူပြောတာကိုဘဲ ထိုင်နားထောင်တယ်။ တကယ်က ရပ်ကွက်ဟောပြောပွဲတွေမှာ
သူဟောပြောတိုင်း ကျွန်တော်က လိုက်နားထောင်တယ်။ သူနဲ့ မရင်းနှီးလို့ သူ့ကို
နှုတ်မဆက်ဘူး။ တပ်ကြပ်မောင်ထူးနဲ့ ဗိုလ်သော်က တို့ပါရင် သူတို့ကို
ခဏ၀င်နှုတ်ဆက်ပြီး ပရိတ်သတ်ထဲက နားထောင်တယ်။ အလွန်ရယ်ရပါတယ်။ ဘယ်တော့
ပြောပြော (ပြောတာ ထပ်နေပေမဲ့) ရယ်ရတာပဲ။ “သံပုရာသီး၊ သံပုရာသီး” ဆိုပြီး
သံပုရာသီးသည် အော်ပုံကို ပြောတိုင်း သူ့လေယူလေသိမ်းနဲ့ မျက်နှာ အမူအရာကို
ကြည့်ပြီး ရယ်ရတာ ချည်းပါဘဲ။ ခုလဲ ဒါကို ထပ်ပြောပြန်တော့ ကျွန်တော်ဆို
ရှေ့ကနေ “ဖင်ဆောင့်” ရယ်တော့တာဘဲ။ သူ့ကိုလဲ ပြောထားတယ်။ ကျွန်တော် ခင်ဗျား
ပွဲတွေ အမြဲနားထောင်တာလို့။ သူပြောပုံတွေလဲ ပြန်ပြောပြဖူးတယ်။ သူက
အံ့သြတယ်။ ခုလဲ ကျွန်တော် ဆွေ့ဆွေ့ခုန်ရယ်တာကို ကြည့်ပြီး သူကလဲ ရယ်တယ်။
“ကော်မတီ လူကြီးမင်းများ ခင်ဗျား။ ကိုစွမ်းရည်က ကျွန်တော်ပြောတာတွေ ခဏခဏ
နားထောင်ဖူးတယ်။ ဒါလည်း သူက ကြားဖူးပြီးသား ဖြစ်လျက်နဲ့ ဣဒြေမရအောင်
ရယ်နေတော့ ကျွန်တော်လဲ ဆက်ပြောလို့ မရတော့ဘူး။ သူ့ကို အိပ်ရာထဲပို့ပေးတော်
မူကြပါ” လို့ ပန်ကြားလို့ ကျွန်တော်လဲ ရယ်ရယ်မောမောနဲ့ပဲ အိပ်ရာထဲ သွားပြီး
နားထောင်ရပါတယ်။ နေ့ခင်းမှာ ကျွန်တော်က အိပ်ရေးဝပြီးသားဆိုတော့ သူအပြန်ထိ
စောင့်ပါတယ်။
ဟောပြောပြီးတော့ ညည့်နက်လှပြီ။ သူလဲ မောဟိုက်နေပြီ။ အပန်းဖြေ၊
နည်းနည်းပါပါး စားသောက်ပြီး အိပ်ခန်းထဲကို ၀င်လာတယ်။ ချက်ချင်း
ကျွန်တော့်ဘေးက ကုတင်ပေါ်ကို ပစ်လှဲချလိုက်တယ်။ ကျွန်တော်ထထိုင်လိုက်တော့
“ဟာ ကိုစွမ်းရည် မအိပ်သေးဘူးလား” တဲ့။ “အိပ်ယာထဲက နားထောင်နေတာလေ။” ဆိုပြီး
စကား ပြောပါတယ်။ သူက “ ကျွန်တော် ဆေးလိပ်သောက်မယ်၊ ရရဲ့လား” တဲ့။ “ရတယ်”
ပြောပြီး သူဆေးလိပ်မှိန်းနေတယ်။ ကျွန်တော်က စကားဆက်ပြောရင်း
သူ့ကုတင်ဘေးအစွန်းကို ကူးပြီး ထိုင်တယ်။ ဦးမြသန်းတင့်နဲ့
ဦးတင်မိုးအကြောင်းတွေ၊ ဘယ်လို ဘယ်ညာ ဆက်မေး၊ ဆက်ပြောနေတယ်။ ပြောရင်း
အားမလိုအားမရ ဖြစ်လာပြီး ကျွန်တော်က သူ့ကိုယ်ပေါ်ကို လက်တစ်ဖက်ခွကျော်ပြီး
ထောက်ရင်း စကားဆက်ပါတယ်။ သူက မျက်လုံးမှေးနေရာက “ကို…ကို…ကိုစွမ်းရည်
ကျွန်တော် လုံးဝစကားပြောလို့မရတော့ဘူး။ နေ့လည်က ခင်ဗျား အိပ်နေတော့လဲ
မအိပ်ရဘူး။ တနေကုန် ဟောရ၊ ပြောရလို့ မောလှပြီ။ အိပ်ပါရစေနော်” လို့
မျက်နှာငယ်လေးနဲ့ လေသံလေးနဲ့ တောင်းပန်ရှာပါတယ်။ ဒါနဲ့ ကျွန်တော်လဲ
ရယ်ရယ်မောမောနဲ့ ကျွန်တော့် ကုတင်ဘက်ကို ပြန်သွားအိပ်လိုက်တော့ ကျွန်တော်ဘဲ
တခေါခေါနဲ့ သူ့အရင် အိပ်ပျော်သွားသတဲ့။
(၁) သူ့ဖန်ခွက်ကို ကျွန်တော့်လက်က ပြန်တောင်းယူရတာရယ်
(၂) ဟောပြောပွဲမှာ သူ့ရှေ့က အနှောင့်အယှက် ဖြစ်လောက်အောင် ကျွန်တော်ရယ်နေမိလို့ သူဟောပြော မရတာရယ်
(၃) သူအိပ်လို့ မရအောင် ကျွန်တော်က သူ့အပေါ် ခွပြီး ညည့်နက်သန်းခေါင်ကျော် စကားပြောတာရယ်။
ဒီသုံးချက်ကို ကျွန်တော်က သူ့အပေါ် အနိုင်ယူခဲ့တာလို့ ကြွားပါတယ်။
အဲဒါကို ချစ်ဦးညိုက တကူးတကန့် ကျွန်တော့်ဆီလာပြီး မေးတယ်။ “ဟိုလူကြီး
သူများကို နှိပ်စက်တာ။ အခု ဆရာစွမ်းနဲ့ကျမှ သူခံရပြီ။ ၀မ်းသာတယ်” လို့
ကြွေးကျော်ပြီး ကိုအောင်သင်းကို လှမ်းခေါ်ပြီး ဟံသာဝတီအ၀ိုင်းနားလေးက
လ္ဘက်ရည်ဆိုင်မှာ “ဘယ့်နှယ့်လဲ ဆရာစွမ်းနဲ့ တွဲရတာ အဆင်ပြေရဲ့လား” လို့
မေးပါတယ်။ ကိုအောင်သင်းက ရှုံ့မဲ့ပြီး ဦးလှ တပည့်ကကွာ ငါ့ခွက်ကို
လုသောက်တယ်။ ငါဟောပြောတာလဲ မဖြောင့်အောင်၊ ငါအိပ်လို့လဲ မရအောင်
နှိပ်စက်တယ်ကွာ” လို့ ရင်ဖွင့်ပါတယ်။ ချစ်ဦးညိုက ဒီလူကြီး ခံရတာ
ဝမ်းသာတယ်။ ဒီလိုတွဲဖို့ ကျွန်တော်က စီစဉ်ပေးလိုက်တာ။ ဂုဏ်ပြုပါတယ်ဆိုပြီး
ပွဲကြီး တစ်ခုနဲ့ ဂုဏ်ပြုပါတယ်။
တကယ်တော့ လူချင်း မဆုံရလို့သာ ခပ်တန်းတန်း ဖြစ်နေခဲ့ကြတာပါ။ နောက်တော့
ကျွန်တော်တို့ တွဲဖြစ်သွားပါတယ်။ ကျွန်တော်တို့ ရွာက ရေတွင်းတွေဟာ အတောင်
၅၀ လောက်နက်တယ်။ ရွာမှာ နှင်းဆီပင်တို့၊ ပိတောက်ပင်တို့ မဖြစ်ဖူးခဲ့ဘူး။
ကမ္ဘာစစ်၊ ပြည်တွင်းစစ်၊ ဖြစ်ပြီး နှစ် ၅၀ လောက် မူလတန်းကျောင်း မရှိခဲ့ဘူး
ဆိုတာတွေကို အံ့သူက အံ့သြပါတယ်။ ရထားလမ်းလဲ မရှိဘူး။ ကျွန်တော် မြို့တက်
ကျောင်းနေချိန်မှာ မြို့တက် ကျောင်းနေတဲ့ “အင်္ဂလိပ်ကျောင်းသား” ဆိုတာမျိုး
ကျွန်တော်တစ်ယောက်ဘဲ ရှိခဲ့တာဆိုတာ အံ့သြပါတယ်။ စကား အလွန်ကြွယ်တဲ့
ကိုအောင်သင်းက ကျွန်တော်ပြောတာချည်း နားထောင်ခဲ့ရတယ် ဆိုတာကို ချစ်ဦးညိုက
သဘောကျတာပါ။ ကျွန်တော်က စင်ပေါ်မှာ စိတ်ပျက်ဖွယ်ကောင်းအောင်
စကားပြောညံ့ပါတယ်။ နှစ်ယောက်ချင်း ကျတော့ ရင်းနှီးရင် ရင်းနှီးသလို
ပြောမိရင် မနားတမ်းပါဘဲ။ ဒါကို ချစ်ဦးညိုက သိပြီးသားပါ။
ကျွန်တော့်ကို ရှစ်လေးလုံးကာလ နောက်ဆက်တွဲ အဖြစ် ထောက်လှမ်းရေး (၆) က
နှစ်ခါ ခေါ်စစ်ပါတယ်။ ကျွန်တော်က အခြေခံပညာရေး ဌာနမှာ ကျောင်းဆရာတွေကို
စာကြည့်တိုက် သင်တန်း ပေးနေရဆဲ ကာလမို့ဆိုပြီး စကားပြန်ခိုင်းတယ်။ နောက်ထပ်
ပြန်ခေါ်မှာ စိုးတာနဲ့ နယ်သာလန်နိုင်ငံက အရှေ့တောင်အာရှ စာပေတိုးတက်မှု
ဆိုင်ရာ စာပေနှီးနှောဖလှယ်ပွဲ ဖိတ်စာ ရရခြင်း ပြည်ပကို လစ်ထွက်ခဲ့တာပါ။
ဒါကြောင့် မြန်မာစာပေလောကမှာ ထောင်မကျဖူးတဲ့ စာရေးဆရာ အဖြစ် ကျွန်တော်
ကျန်ခဲ့ပါတယ်။ ပြည်ပက လူကြုံတွေ လာတိုင်း ကိုအောင်သင်းက မှာတယ်။ “ဆရာစွမ်း၊
ဆရာစွမ်းတို့ နေကောင်းရဲ့လား။” တဲ့။ လူကြုံတွေကလဲ အံ့သြစရာဘဲ။ ကျွန်တော့်
သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုသာနိုး၊ ကိုမိုးသူတို့ဆီ ဘာမှာမလဲ မမေးကြဘူး။
“ဆရာဦးအောင်သင်း ဆီ ဘာမှာမလဲ။” တဲ့။ ကျွန်တော်ကလဲ အဖိုးကြီး ထုံးစံနဲ့
“မေတ္တာပို့လျက်ရှိကြောင်း” အမြဲမှာပါတယ်။ စာပေလောကမှာ တလျှောက်လုံး
စာပေတိုက်ပွဲ နှံခဲ့ကြသူနှစ်ဦးရဲ့ ပေါင်းစည်းမိခြင်းပါဘဲ။
ကိုအောင်သင်းကို အပြင်ပန်းကြည့်ရင် လူတွေရဲ့ မှတ်ချက်က “လူစွာ၊ လူမာ”
တဲ့။ မောင်စွမ်းရည်ကိုလဲ သူရေးတဲ့ စာကြည့်ပြီး “လူစွာ၊ လူမာ” တဲ့။ ဒါကို
အဆင်းသိဖြစ်တဲ့ ချစ်ဦးညိုက ချိတ်ပေးလိုက်တာ။ ဒီလူနှစ်ယောက်ဆုံမိရင်
ရန်ဖြစ်ကြတော့မယ်လို့ ထင်ပေမယ့် လည်ပင်းဖက်ပြီး ရယ်ရယ်မောမော
ပြန်လာခဲ့ကြတယ်။ ကိုအောင်သင်း ကျွန်တော့်အပေါ် သီးခံခဲ့ပုံကို ချစ်ဦးညိုက
ဂုဏ်ပြုသလို ကျွန်တော်က ကိုအောင်သင်းအပေါ် “အနိုင်ကျင့်” ခဲ့ပုံကို
သဘောကျပြီး ဂုဏ်ပြုချင်တာပါ။ ရန်သူချင်း မိတ်ဆွေ ဖြစ်ခဲ့ကြတယ်လေ။
မိတ်ဆွေဖြစ်ခြင်းဟာ ငြိမ်းချမ်းခြင်းပါဘဲ။ ဆရာတာရာကို သတိရသလို
ကိုအောင်သင်းကိုလဲ ချစ်ခင်မှုနဲ့ လွမ်းလိုက်မိပါတယ်။ ဘ၀ဆက်တိုင်း
အဟောကောင်း၊ အပြောကောင်း စာရေး ဆရာဖြစ်ပါစေသော်…..
မောင်စွမ်းရည် (၂၀၁၄ အောက်တိုဘာ ၂၅)
ထပ်ဆင့်ဝေမျှပေးရန် ...