Thursday, January 1, 2015

လူတိုင်းဟာ ကိုယ်ယုံတာကို အမှန်လို့ နားလည် ခံယူထားကြတယ်။

Hla Myaing shared a post to Khinmaung Tin's timeline.
ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ခုနစ်ထောင်ကျော် (၇ ဘစ်လျံကျော်) ရှိတယ်လို့ ခန့်မှန်း ထားကြပါတယ်။ (၂၀၁၃ ခုနှစ် ခန့်မှန်းချက်)
အဲဒီ့ထဲမှာ (ဂိုဏ်းပေါင်းစုံ) ခရစ်ယာန်ဘာသာဝင် ၃၃.၃၉% ၊ မူစလင် ဘာသာဝင် ၂၂.၇၄%၊ ဟိန္ဒူဘာသာဝင် ၁၃.၈%၊ ဗုဒ္ဓဘာသာဝင် ၆.၇%၊ ဆစ်(ခ်) ၀.၃၅%၊ ရဟူဒီ (ဂျူး) ဘာသာဝင် ၀.၂၂%၊ ဘဟာအီဘာသာဝင် ၀.၁၁%၊ ကျန်တခြား ဘာသာပေါင်းစုံ ကိုးကွယ်သူ ၁၀.၈၅%၊ ဘာသာရေး မဟုတ်တဲ့ နတ်တို့ ဘာတို့ ကိုးကွယ်သူက ၉.၆၆%၊ ဘာသာမဲ့က ၂.၀၁% စသဖြင့် အကြမ်းဖျဉ်း ခန့်မှန်းချက်လည်း ရှိပါတယ်။
မြင်သင့်တဲ့ အချက်က တစ်ကမ္ဘာလုံးမှာမှ ဗုဒ္ဓဘာသာဝင် ၆.၇% ပဲ ရှိတာကိုပါ။ သည်ကိန်းဂဏန်းအရ ကမ္ဘာပေါ်က လူတစ်ထောင်မှာ ၆၇ ယောက်သာလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်နေနိုင်ပါတယ်။
ဒါ့အပြင် မြင်သင့်သေးတာက သက်ဝင်ယုံကြည်မှု (ကိုးကွယ်မှု) တွေဟာ သည်မဟာဘဒ္ဒကမ္ဘာမှာ အများအပြားလို့ မဆိုနိုင်တောင် ဆယ်ဂဏန်းနဲ့ ကွဲပြားနေတယ်ဆိုတာပါပဲ။
သေချာတာ တစ်ခုက သက်ဝင်ယုံကြည်သူ ဘာသာဝင်တိုင်းဟာ မိမိတို့ ကိုးကွယ် ဆည်းကပ်ရာသည်သာ အမှန်လို့ ယူဆ ယုံမှတ်ထားကြမှာပါပဲ။ ဒါ အင်မတန် သဘာဝကျတဲ့ အချက်ပါပဲ။
ဆင်ခြင်ကြည့်မယ်ဆိုရင်တော့ လူတိုင်းဟာ ကိုယ်ယုံတာကို အမှန်လို့ နားလည် ခံယူထားကြတယ်။ သည်အတွက် လူတိုင်း တရားတယ်။ လူတိုင်း သူ့ယုံကြည်မှုနဲ့သူ မှန်နေကြတယ်လို့ မြင်လာမယ် ထင်ပါတယ်။
သည်လို အမျိုးမျိုး ကွဲပြားနေတဲ့ ဘာသာဝင်တွေထဲမှာ တူညီတာ တစ်ခုကို ဘုံထုတ်ကြည့်မယ်ဆိုရင်တော့ အားလုံးဟာ လူတွေ ဖြစ်နေတာပါပဲ။
ဘယ်ဘာသာဝင်မဆို...
► နှာခေါင်းနဲ့ အသက်ရှူတယ်။
► ပါးစပ်နဲ့ အစာစားတယ်။
► မျက်စိနဲ့ မြင်တယ်။
► နားနဲ့ ကြားတယ်။
► ခန္ဓာကိုယ်တွေ ရှိကြတယ်။
► ခံစားတတ်ကြတယ်။
► အညစ်အကြေးတွေ စွန့်ကြတယ်။
► လင်ယူ သားမွေးကြ၊ မျိုးဆက်ပွားကြတယ်။
တူတာတွေကို ဘုံထုတ်မယ်ဆိုရင် နောက်ထပ် အများအပြား ကျန်ဦးမှာပါ။ အမြင်သာဆုံးတွေကို ထုတ်ပြလိုက်တာပါ။
ကျွန်တော်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပါ။
သို့သော် အရွယ်ရောက်လာပြီး ဘာသာတရားကို စူးစမ်းလေ့လာတတ်လာချိန်မှာ တခြား ဘာသာတွေရဲ့ သဘောတွေကိုလည်း လက်လှမ်းမီသလောက် လေ့လာ ဖတ်ရှုခဲ့တယ်။ နာကြားခဲ့တယ်။
အဲဒီ့ကမှ ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ တရားတော်တွေဟာ ကြောင်းကျိုး ခိုင်လုံတယ်၊ ဆီလျော်တယ်၊ သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်တယ်လို့ သိမြင် ယုံကြည်လာမိရလို့ ဗုဒ္ဓဘာသာဝင်အဖြစ် ကိုယ့်ရဲ့ လွတ်လပ်သော သဘောဆန္ဒနဲ့ ကိုယ့်ဘာသာ ရွေးချယ် ပိုင်းဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ကိုယ်ယုံကြည်တာမှ အမှန်၊ တစ်ပါးသူတွေ ယုံကြည်တာ လွဲနေတယ်၊ မှားနေတယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။
အဲသလို မတွေးတဲ့အပြင် တခြား ဘာသာတွေရဲ့ ကောင်းမြတ်သော အမူအကျင့်တွေ၊ စာရိတ္တပိုင်း၊ ဝါရိတ္တပိုင်း သွန်သင်မှုတွေကိုလည်း မှတ်သားနေခဲ့မိပါတယ်။ အဲဒါ အခုအချိန်အထိပါပဲ။
လွတ်လပ်စွာ သက်ဝင်ယုံကြည်ခွင့်ဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပါ။
လူတစ်ယောက်ရဲ့ စိတ်ထဲက ယုံကြည်နေမှုကို ဘယ်တန်ခိုးရှင်၊ ဘယ်အာဏာရှင်ကမှ အတင်းအကျပ် ပြောင်းလဲပစ်လို့ မရပါဘူး။
အတင်းအကျပ် ပြောင်းလဲလို့ ရတာက ဘာသာရေးတံဆိပ်တွေကိုပါ။
ဆိုကြပါစို့၊ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ သေတမ်းစာနဲ့ အမွေပေးခဲ့လို့ မရဘူး။ တရားရုံးက အဲဒါကို အသိအမှတ် မပြုဘူး။
ခရစ်ယာန်ဘာသာဝင်ဖြစ်နေမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ နေထိုင်သည့်တိုင် သေတမ်းစာ ရေးခဲ့လို့ ရတယ်။ တရားရုံးတွေကလည်း အသိအမှတ်ပြုတယ်။
လူတစ်ယောက်ဟာ ဗုဒ္ဓဘာသာကို ရင်ထဲ အသည်းထဲက နှစ်နှစ်ကာကာ ယုံကြည်သည့်တိုင် သေတမ်းစာ ရေးချင်တဲ့ ရည်ရွယ်ချက် တစ်ချက်တည်းကြောင့် ခရစ်ယာန်ဘာသာကို ပြောင်းလိုက်နိုင်တယ်။ တစ်နည်းအားဖြင့် သူ့ကိုယ်ပေါ်က အင်္ကျီနဲ့ သဏ္ဍာန်တူတဲ့ ဘာသာရေး တံဆိပ်ကို ပြောင်းနိုင်တယ်။
ဒါပေမယ့် သူ့ရဲ့ ရင်ထဲအသည်းထဲက ကိုးကွယ်ယုံကြည်မှုကို ဘယ်သူမှ မသိ မမြင်နိုင်ဘူး။ သူ မပြောင်းဘဲနေလို့ ရတယ်။
ဘာသာရေးဟာ အင်္ကျီအဝတ်အစားလိုပဲ၊ ကြိုက်တာ ပြောင်းပြီး ဆင်မြန်းလို့ ရတယ်။
ရင်ထဲက ယုံကြည်မှုကတော့ သူ့ဟာနဲ့သူ ရှိနေမှာပဲ။
သည်တော့ ကိုယ်သက်ဝင်ယုံကြည်တာမှ အမှန်၊ ကျန်တာတွေက အမှားချည်းပဲလို့ မျက်စိမှိတ် အော်ဟစ်နေမယ်ဆိုရင် အဲဒီ့လူဟာ ဆင်ခြင်ဉာဏ် ကြီးသူလား၊ ဆင်ခြင်ဉာဏ် နည်းသူလား၊ အမြင်ကျယ်သူ ဖြစ်နိုင်မလား၊ အမြင်ကျဉ်းသူ ဖြစ်နေမလား စဉ်းစားကြစေချင်ပါတယ်။
နောက်တစ်ခုက ကိုယ်ယုံကြည်တာမှ အမှန်၊ ကိုယ် ယုံကြည်တဲ့အတိုင်း မယုံကြည်တဲ့သူတွေကို ပုတ်ခတ်တိုက်ခိုက်နေမယ်ဆိုရင်ရော... အဲဒီ့လူဟာ အာဏာရှင်စိတ်နဲ့ လူလား၊ ဒီမိုကရေစီနဲ့ ထိုက်တန်သူ ဖြစ်နိုင်ပါ့မလား။
ဒီမိုကရေစီဆိုတာ ခုခေတ်မှာ တွင်ကျယ် ခေတ်စားနေတဲ့ ဝေါဟာရပါ။
ဒီမိုကရေစီဆိုတာ ကွဲပြားမှုကို အသိအမှတ်ပြု၊ နေရာပေးပြီး အားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ တည်ဆောက်ယူတဲ့ လူ့ဘောင်ပါ။
ငါနှင့် ငါသာ နှိုင်းစရာဆိုရင် အဲဒါ ဒီမိုကရေစီ မဟုတ်တော့ပါဘူး။ အာဏာရှင် လမ်းကြောင်းပေါ် ရောက်နေပါပြီ။
အဲသလောက်တော့ မြင်သင့်တယ်လို့ ထင်မိရလို့ သည်စာကို ရေးပါတယ်။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် - ၀၄၁၂၁၄)
Like · ·

No comments:

Post a Comment